စိတ်ဒဏ်ရာ ဘယ်နှစ်မျိုးရှိလဲ၊ နောက်ကွယ်က အကြောင်းတရားတွေက ဘာလဲ
Trauma ဆိုတဲ့ အသုံးအနှုန်းကို နောက်ပိုင်း Social Media မှာ တော်တော်လေး အသုံးများလာသလို လူငယ်တွေကြားမှာလည်း အပြောများလာကြပါတယ်။ Trauma ဆိုတာ တကယ်တော့ ထိခိုက်မှုများပြီး ထိုးနှက်မှုပြင်းတဲ့ ဒဏ်ရာတွေကို ဆိုလိုတာဖြစ်ပြီး ရုပ်ခန္ဓာပိုင်းဆိုင်ရာ Trauma တွေလည်း ရှိသလို စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဒဏ်ရာအမျိုးအစားတွေလည်း ရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ စိတ်ဒဏ်ရာ Trauma တွေနဲ့ အမျိုးအစားတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
စိတ်ဒဏ်ရာအမျိုးအစားများ
စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုဒဏ်ရာတွေနဲ့ ပတ်သက်လာရင် ယေဘုယျအားဖြင့် -
- ယာယီ စိတ်ဒဏ်ရာ (Acute Trauma)
- နာတာရှည် စိတ်ဒဏ်ရာ (Chronic Trauma)
- ရှုပ်ထွေး စိတ်ဒဏ်ရာ (Complex Trauma) ဆိုပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။
၁။ ယာယီ စိတ်ဒဏ်ရာ (Acute Trauma) ကတော့ တော်တော်လေး စိတ်ဖိစီးမှုဖြစ်စေလောက်တဲ့ ဖြစ်စဉ်တစ်ခုတည်းကနေ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ စိတ်ဒဏ်ရာအမျိုးအစားပါပဲ။ ယာယီစိတ်ဒဏ်ရာဆိုတဲ့အတိုင်း ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှု ဒါမှမဟုတ် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခံစားရနိုင်တဲ့ စိတ်ဒဏ်ရာဆိုပေမယ့် အဲဒီအချိန်အတွင်းမှာ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ နာတာရှည်ပုံစံကို ပြောင်းလဲသွားနိုင်ပါတယ်။ ယာယီစိတ်ဒဏ်ရာကို ဖြစ်စေနိုင်တဲ့ ဖြစ်ရပ်တွေကတော့ -
- သဘာဝဘေးအန္တရာယ်ဖြစ်စဉ်
- ယာဉ်တိုက်မှု၊ ကြီးမားတဲ့မတော်တဆမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရတာ
- မတော်တဆထိခိုက်မှုမှာ ကိုယ်တိုင် ခံစားလိုက်ရတာ
- အကြမ်းဖက်မှုတစ်ခု ကိုယ့်ရှေ့မှာ ဖြစ်သွားတာ
- ချစ်ရသူတစ်ဦး ရုတ်တရက် သေဆုံးသွားတာ
- လိင်ပိုင်းဆိုင်ရာ၊ ရုပ်ခန္ဓာဆိုင်ရာ အကြမ်းဖက်စော်ကားခံရတာ
- ကိုယ့်မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
၂။ နာတာရှည် စိတ်ဒဏ်ရာ (Chronic Trauma) ကတော့ အဆက်မပြတ် တောက်လျှောက်ဖြစ်နေခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ကာလရှည် စိတ်ဖိစီးမှုတွေ ခံစားရာကနေ နာတာရှည် စိတ်ဒဏ်ရာပုံစံ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ ဖြစ်စဉ်တွေထဲမှာ -
- အိမ်တွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း
- ဆင်းရဲတွင်းနက်ခြင်း
- ပတ်ဝန်းကျင်ကနေ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် နှိမ့်ချဝေဖန်ခြင်း၊ ခွဲခြားဆက်ဆံခြင်း
- ငယ်စဉ်ကလေးဘဝမှာ လူကြီးတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရခြင်း
- စစ်ဘေးဒဏ် ခံခဲ့ရတာ စတာတွေ ပါဝင်ပါတယ်။
၃။ ရှုပ်ထွေး စိတ်ဒဏ်ရာ (Complex Trauma) ကတော့ ကလေးဘဝကတည်းက ကြုံတွေ့ခဲ့ရတဲ့ အကြောက်တရား၊ အကူအညီမဲ့ခြင်း၊ အင်အားမဲ့ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေကနေ အသက်ကြီးလာတဲ့အထိ ဖြည်းဖြည်းချင်း အမြစ်ပျိုးသွားတဲ့ စိတ်ဒဏ်ရာအမျိုးအစားပဲ ဖြစ်ပါတယ်။ အဓိက ဖြစ်စေတဲ့ ကလေးဘဝ ဖြစ်စဉ်တွေထဲမှာ -
- မိသားစုချင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း
- ရုပ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ စော်ကားခံရခြင်း
- လူကြီးမိဘ၊ အုပ်ထိန်းသူတွေရဲ့ ပစ်ပယ်မှု၊ ဂရုစိုက်မှုကို မခံရခြင်း
- ကျန်းမာရေးအရ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရခြင်း
- မကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကျက်စားနေရခြင်း စတာတွေကြောင့် ပါဝင်ပါတယ်။
စိတ်ဒဏ်ရာတွေဟာ ယာယီဖြစ်စေ၊ နာတာရှည်ပဲ ဖြစ်နေပါစေ သေချာကုသမယ်ဆိုရင် ပျောက်ကင်းသက်သာသွားနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် သက်သာပျောက်ကင်းသွားနိုင်မယ့် အချိန်ကာလတစ်ခု၊ ကြားထဲက ဘယ်လောက်ထိ ဒဏ်ခံရနိုင်မလဲ၊ ဘယ်လောက် စိတ်ရှည်ရမလဲဆိုတာတော့ အတိအကျ ပြောလို့မရသလို တစ်ယောက်နဲ့တစ်ယောက်လည်း မတူညီနိုင်ပါဘူး။
အကယ်လို့ ကိုယ်တိုင်မှာ ဒါမှမဟုတ် ကိုယ်ချစ်ရသူဆီမှာ စိတ်ဒဏ်ရာတစ်ခုခု ခံစားနေရတယ်၊ စိတ်ဒဏ်ရာဖြစ်စေလောက်တဲ့ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်နဲ့ တိုင်ပင်ပြသပြီး သင့်တော်တဲ့ စိတ်ကုထုံးတွေနဲ့ ဖြည်းဖြည်းချင်း ကုသမှုခံယူသင့်တဲ့အပြင် ကိုယ့်အနားမှာရှိတဲ့ မိသားစုဝင်တွေရဲ့ အားပေးအားမြှောက်မှု၊ ဖေးမကူညီမှုတွေ အများကြီး လိုအပ်နိုင်ပါတယ်။
ရဲမျိုးမြတ်